ရေးသားသည့်နေ့... December 14th, 2008 ။ ရေးသားသူ... Blogger Lay
ကျွန်တော်ဒီနေ့ ပလန်းနက်ရဲ့ ဖိုရမ်လေးကို ဝင်ကြည့်ရင်းနဲ့ ကိုထူးဆိုသူ တယောက်က ဗုဒ္ဓဘာသာနဲ့ ပက်သက်ပြီး သူမေးလို တဲ့ အချက်တွေကို အများအပြား ဝင်ရေးလေ့ရှိတဲ့ လူတယောက်ရေးထားတဲ့ စာတွေကို ဖတ်လိုက်ရပါတယ်။ ဒီကိုနှိပ်ပြီး ဖတ်နိုင်ပါတယ်။ ကျွန်တော်ဟာ ဘာသာအားလုံးကို လေးစားပါတယ်။ ဒါပေမယ့် ကိုထူးမေးထားတဲ့ အချက်လေးတွေကို ကျွန်တော် မှတ်သားမိသလောက်တွေထဲက ထုတ်နှုတ်ပြီး ပြန်ဖြေပေးချင်တာနဲ့ ဒါလေးကို ရေးဖြစ်သွားတာပါ။ ဒီ ပို့စ်မှာတော့ ဘယ်ဘာသာကိုမှ မပုတ်ခတ်ပဲ ဗုဒ္ဓရဲ့ အယူဝါဒကို ဗုဒ္ဗဥာဏ်တော်ရဲ့ အသန်းထောင်ပေါင်းများစွာရဲ့ တပုံတောင်မရှိတဲ့ ကျွန်တော့ ဥာဏ်လေးနဲ့ ကြိုးစားပြီးရေးထားပါတယ်။ ကျွန်တော် မအားတဲ့ကြားထဲက ကြိုးစားပြီး တတ်စွမ်းသမျှ ရေးထားပါတယ်။ ကျွန်တော့ထက် ဘာသာတရားမှာ ပိုတတ်ကျွမ်းသူများလဲ Comment ရေးခဲ့နိုင်ပါတယ်။ လောလောဆယ်တော့ အချိန်မရသေးလို့ ဒီ Topic ရဲ့ စာမျက်နှာ ၁ ကနေ ၅ အထိပဲ ဖြေထားပါတယ်။ နောက်အချိန်ရရင်လဲ ထပ်ရေးပါ့မယ်။ ကျွန်တော့ထက် ကျမ်းဂန်တတ်ပုဂ္ဂိုလ်တွေ ဖြေပေးပြီးရင်တော့လဲ မရေးတော့ဘူးပေါ့။
——————————————-
(၁) သင်သည်မည်သည့် အရှင်ကို ကိုးကွယ်ပါသနည်း
ကျွန်တော်ဟာ ဗုဒ္ဓဘာသာပါ။ ဗုဒ္ဓဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါတယ်။ ဗုဒ္ဓဘုရားရှင်ဟာ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းပတ်လုံး ပါရမီဖြည့်ကျင့်ခဲ့ပါတယ်။ အဲ့ဒီ့နောက် ဘုရားဖြစ်ခဲ့ပါတယ်။ အလုံးစုံသိမြင်တဲ့ ညဏ်တော်ကို ရခဲ့ပါတယ်။
(၂) ဘာ့ကြောင့် ထိုအရှင်အားကိုးကွယ်ရပါသနည်း။
အတုမရှိသော ညဏ်တော်နှင့် သတ္တဝါတို့အား ဆင်းရဲခပ်သိမ်း ကင်းငြိမ်းတဲ့ နေရာကို ရောက်အောင် လမ်းညွှန်ပြနိုင်တဲ့ ကိုယ်တော်ကြီးဖြစ်တဲ့ အတွက်ကိုးကွယ်ပါတယ်။
(၃) ဘယ်လိုကိုးကွယ်ပါသနည်း။
ဗုဒ္ဓမြတ်စွာ ဟောကြားတော် မူခဲ့သော တရားတော်များကို လိုက်နာကျင့်သုံးခြင်းဖြင့် ကိုးကွယ်ပါတယ်။
(၄) ကိုယ့်ကိုကိုယ်သာ အားကိုးရာ
အများစုသော သတ္တဝါတွေဟာ အပါယ်လေးပါး (ငရဲအပါအဝင်) သို့သာလျှင် ရောက်ကြရပါတယ်။ အနည်းစုမှာ ကောင်းသော ဘုံဘဝ (နတ်ပြည် heaven အပါအဝင်) သို့ ရောက်ကြပါသည်။ နတ်ပြည်သို့ ရောက်သည်ထားဦး နတ်ခန္ဓာဖြင့် နေရမည်ဖြစ်ပါသည်။ မည်သည့် ခန္ဓာပင်ရသည်ဖြစ်ပါစေ… အားလုံး မမြဲခြင်း သဘော၊ ဆင်းရဲခြင်း သဘော၊ အစိုးမရသဖြင့် အနှစ်သာရ မရှိခြင်း သဘောတို့ကြောင့် တပ်မက်စရာ မဟုတ်ပါ။ ထို့ကြောင့် ဗုဒ္ဓက heaven ကို အားမပေးပါ။ နိဗ္ဗာန်ကိုရောက်ကြောင်း အကျင့်ကိုသာ အားပေးပါသည်။ ဗုဒ္ဓကို ကယ်တင်ရှင် ဘုရားဟု ဆိုမည်ဆိုလျှင် လမ်းမှန်ကို ညွှန်ပြသော ဆရာ၊ ဒီလမ်းဟာ လမ်းဆိုးဖြစ်လို့ ဒီလမ်းကောင်းက သွားပါလို့ ညွှန်ပြသော ကယ်တင်ရှင်ဘုရားဟု ဆိုရမည်ဖြစ်ပါသည်။ ထို့ကြောင့် ဗုဒ္ဓကို ကယ်တင်ရှင်ဘုရားဟု ဆိုလျှင် ကျွန်တော် မငြင်းပါ။ သို့သော် ချမ်းသာ အစစ်သို့ ရောက်လိုလျှင် ကိုယ့်ဘာသာကိုယ်တော့ လုံ့လ စိုက်ထုတ်ရပေမည်။ ဘုရားရှင်တို့သည် လမ်းကိုသာ ညွှန်ပြကြပါတယ်။
(၅) “ကျွန်တော်သည် အပြစ်သားဖြစ်ပြီး မိမိကိုယ်ကိုမိမိကယ်တင်ခြင်းငှါမစွမ်းဆောင်နိုင်ပါ” ဆိုတာမှန်မမှန် စမ်းစစ်ခြင်း
မကောင်းမှုလုပ်လျှင် မကောင်းကျိုးခံစားရပါတယ်။ အပြစ်လုပ်လျှင် အပြစ်ခံစားကြရပါတယ်။ ကံ ကံ၏ အကျိုးပါပဲ။ မကောင်းမှု အကုသိုလ်ကံဟာ ပြုသူနောက်သို့ လှည်းဘီးကဲ့သို့ လိုက်ပါတယ်။ သို့သော် ကိုယ့်ကိုယ်ကို ကယ်တင်နိုင်ပါတယ်။ နိဗ္ဗာန်ရောက်ကြောင်း တရားကျင့်ဖို့ပါပဲ။ ဘုရားလက်ထက်တော်အခါတုံးက လူပေါင်းများစွာ လိုက်သတ်ခဲ့တဲ့ ပညာတတ်လူဆိုးကြီး ရှိခဲ့ဖူးပါတယ်။ နောက်ဆုံး သူ့အမေကိုတောင် လိုက်သတ်ဖို့ လိုက်နေစဉ် ဗုဒ္ဓက ချေချွတ်ဆုံးမတဲ့အတွက် ခန္ဓာ ညဏ်စိုက်လိုက်တာ နိဗ္ဗာန်မြင်သွားခဲ့ပါတယ်။ ဒါကြောင့် ဒီဘဝသေရင် နောင်ဘဝ ငရဲ (အပါယ်) ကျမဲ့ဘေးက လွတ်ခဲ့ရပါတယ်။ ဒါကြောင့် ကိုယ်က အပြစ်သားဖြစ်ပေမယ့် ကိုယ့်ဘာသာ ပြန်ကယ်တင်နိုင်ပါတယ်။ ကိုယ်လုပ်တဲ့ အပြစ်ကို ကိုယ်က အားမစိုက်ပဲနဲ့တော့ ဘယ်ဘုရားမှ မကယ်နိုင်ပါဘူး။
(၆) မိမိအပြစ်အတွက် မည်သူကမျှ ကိုယ်စား အပြစ်မခံနိုင်ခြင်း နှင့် ဗုဒ္ဓ၏ ရှင်ပြန်ထမြောက်ခြင်း။
မိမိအပြစ်အတွက် တပါးသူက ကိုယ်စား အပြစ်ခံရတယ်လို့ ဗုဒ္ဓ မဟောခဲ့ဖူးပါ။ ဗုဒ္ဓဟာ ဒီဘဝ ပရိနိဗ္ဗာန်စံ (ဘုရားရှင်တွေ သေဆုံးလျှင် ဗုဒ္ဓဘာသာတွင် သုံးနှုန်းသော စကား) သောအခါမှာ နောက်ထပ်တဖန် သေဆုံးရခြင်း မရှိတော့ပါဘူး။ ခန္ဓာဇာတ်ကို ဒီဘဝမှာတင် သိမ်းသွားပါတယ်။ ဒါကြောင့် ဘယ်တော့မှ ထပ်မံ သေဆုံး ရခြင်း မရှိနိုင်တော့တဲ့အတွက် ဒါကို အကြွင်းမဲ့ ရှင်ပြန်ထမြောက်ခြင်းလို့ ဘာသာခြားများ နားလည်အောင် ပြောနိုင်မယ်လို့ထင်ပါတယ်။
(၇) ကောင်းကင်နိုင်ငံသားဖြစ်၍ ကောင်းသော အမှု တို့ကို မလုပ်ဘဲ မနေနိုင်သူ
ကောင်းကင်နိုင်ငံကို ဗုဒ္ဓဘာသာအရ နတ်ပြည်လို့ ယူဆမယ်လို့ ထင်မိပါတယ်။ ဗုဒ္ဓဘာသာမှာ ဘုရားစသော သီလ၊ သမာဓိ၊ ပညာရှိသူတို့ကို လှုတန်းပြီးတော့ နတ်ဘုံဘဝကို ရရပါလို၏ လို့ ဆုတောင်းရင် ရပါတယ်။ နောက်ဘဝမှာ မိမိပြုတဲ့ ကံအလိုက် ဆုတောင်းအလိုက် နတ်ဘုံဘဝကို ရောက်ကြရပါတယ်။ ဒါကြောင့် ကောင်းသော အမှုတို့ကို လုပ်ရင်တော့ ကောင်းကင်နိုင်ငံ (နတ်ပြည်) ကို ဗုဒ္ဓကလည်း ရောက်နိုင်တယ်လို့ ဟောခဲ့ပါတယ်။
သို့သော် အဲ့ဒီ့ ကောင်းကင်နိုင်ငံ (နတ်ပြည်) ကို ဗုဒ္ဓက အားမပေးပါ။ နတ်လဲ နတ်ခန္ဓာဖြင့် နေရမည်သာ ဖြစ်လို့ သေခြင်းမကင်းပါ။ ဒါကြောင့် သေခြင်းကင်းတဲ့ နိဗ္ဗာန်ကိုသာ ရောက်အောင် အားထုတ်ကြဖို့ ဗုဒ္ဓက တိုက်တွန်းခဲ့ပါတယ်။
(၈) ကျွန်တော်သည် တမလွန်အတွက် စိတ်ချမှုရှိသူ ဟုတ်မဟုတ်၊ မိမိပြုသောကောင်းမှုထက် တပါးသူပြုသော ကောင်းမှုကို မှီလို့ ရမရ
နိဗ္ဗာန်မမြင်သေးသမျှ တမလွန်အတွက် စိတ်မချရပါ။ မိမိပြုသော ကောင်းမှုအတိုင်းသာလျှင် မိမိပြန်ခံစားရပါတယ်။ တပါးသူပြုသောကောင်းမှုကို မှီလို့ မရပါ။ ခြွင်းချက်အနေဖြင့် တပါးသူပြုသော ကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လျှင်တော့ အကျိုးကောင်းခံစား ရတယ်လို့ ဆိုပါတယ်။
(၉) အသက်ရှင်ဖို့မကြောက်သလို တမလွန်အတွက်လည်း စိတ်ချမှုအပြည့်ရရှိနေပါသည်
နိဗ္ဗာန်မြင်ပြီးသား ပုဂ္ဂိုလ်တွေဟာ တမလွန်အတွက် စိတ်ချမှု အပြည့်ရှိနေပါတယ်။ ကျန်တဲ့သူတွေကတော့ တယောက်မှ တမလွန်အတွက် စိတ်မချနိုင်ပါ။ နိဗ္ဗာန်မြင်ပြီးသား ပုဂ္ဂိုလ်တွေဟာ လောဘ၊ ဒေါသ၊ မောဟမှကင်းဝေးပြီး ငြိမ်သက်အေးချမ်းမှုကို ခံစားနေရပါတော့တယ်။ ဒီခံစားမှုကို ဘယ်သူမှပေးတာ မဟုတ်ပါ။ ကိုယ့်ဘာသာ ဗုဒ္ဓလမ်းညွှန်တဲ့အတိုင်း ကျင့်ကြံလို့ ခံစားရခြင်းမျိုးပါ။
(၁၀) မိမိသည် ငရဲနှင့်သာ ထိုက်တန်ပြီး သီလတို့ကိုလည်းစံမှီအောင်ကျင့်နိုင်ခြင်းငှါလည်း မစွမ်းပါဘဲ လွတ်ရာလမ်းကိုလည်း မရှာ၊ ဖေါ်ပြသူရှိပြန်တော့လည်း ပြန်လှောင်ပြောင်ခြင်း
မှန်ပါသည်။ ဒါမျိုးမလုပ်အပ်ပါ။ လွတ်ရာလမ်းကို ရှာသင့်လှပြီး ဖော်ပြသူကို မလှောင်ပြောင်သင့်ပါ။ မျက်စိမှိတ် ယုံကြည်ရန် မလိုအပ်သော်လည်း ယုတ္တိရှိလျှင်တော့ ထို လမ်းဖော်ညွှန်ပြသည့် အတိုင်း လိုက်ကျင့်သုံးသင့်လှသည်။
(၁၁) ဘုရားသည်တရားပါသည်။
ဗုဒ္ဓသည် အတရားဆုံး ပုဂ္ဂိုလ်ဖြစ်သည်ဟု ဆိုလျှင် မှားမည် မထင်ပါ။ တရားအားလုံးကို သိသည် ဟု ဝန်ခံခဲ့ပါတယ်။ အလုံးစုံ သိမြင်သော အတုမရှိ ညဏ်တော် ပိုင်ရှင်ကြီးလဲ ဖြစ်ပါတယ်။ ဗုဒ္ဓက တရားကို မြင်သူသည် ငါဘုရားကို မြင်တာပါပဲ လို့ ဆိုခဲ့ပါတယ်။
(၁၂) မိဘကြောင့်ကိုးကွယ်တာလား… တိုင်းပြည်ကကိုးကွယ်လို့လား… မိမိကအမှန်တရားဟု ယုံကြည်လို့လား….
မိဘကြောင့်ကိုးကွယ်တဲ့သူ၊ တိုင်းပြည်က ကိုးကွယ်လို့ လိုက်ကိုးကွယ်သူ စသဖြင့် ဗုဒ္ဓဘာသာဝင် အမျိုးမျိုး ရှိပါတယ်။ မိမိက အမှန်တရားလို့ ယုံကြည်လို့ ကိုးကွယ်သူတွေကတော့ လက်ချိုးရေလို့ရနိုင်ကောင်းပါရဲ့။ ဒါမျိုးကတော့ ဗုဒ္ဓဘာသာတစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်ရောက်နေတဲ့နိုင်ငံ ဆိုရင် ခရစ်ယာန်သာဆိုတယ်… ခရစ်ယာန်ဘာသာကို တကယ်တန်း ကိုင်းရှိုင်းသူက နည်းပါတယ်။
ဗုဒ္ဓရဲ့ တရားတော်တွေဟာ လာလှည့်စမ်းပါ… ရှုလှည့်စမ်းပါလို့ အာမခံနိုင်တဲ့ ဂုဏ်တော်နဲ့ပြည့်စုံပါတယ်။ ဝေဖန်စမ်းစစ်ပါ။ ကျင့်သုံးကြည့်ပါ။ ပြီးရင် မှန်မမှန်ပြောပါ။
(၁၃) မိမိကိုးကွယ်တဲ့အရှင်သည် ဘုရားစစ်ဖြစ်ကြောင်း အပြောတစ်ခုနှင့်သာ သက်သေပြနိုင်ပါသလား။
မပြနိုင်ပါ။ သူပြောတဲ့အတိုင်း လက်တွေ့ကျင့်သုံးကြည့်ရပါမယ်။
(၁၄) ဗုဒ္ဓက ၄င်းကိုးကွယ်ကိုကြဖို့ လူတို့ကို မိန့်မှာခဲ့ပါသလား၊ သူသည် ဘုရားဖြစ်သည်ဟု ကြေငြာခဲ့ပါသလား။ တမလွန်အတွက် စိတ်ချမှုကိုပေးပါသလား…။ သေမှ အတိအကျသိရမှာလား။ ဘယ်အထောက်အထားအရပြောနိုင်ပါသလဲ။
ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ရာအဖြစ် ဆည်းကပ်ကြပါတယ်။ ဗုဒ္ဓဟာ သူဟာ ဘုရားဖြစ်ပါတယ်လို့ ဝန်ခံခဲ့ပါတယ် (နာမည်ကြီး ဓမ္မစကြာ တရားမှာလေ့လာနိုင်ပါတယ်)။ တမလွန်အတွက် စိတ်ချနိုင်အောင် လုပ်ရန် လမ်းစဉ်တွေကို ပေးခဲ့ပါတယ်။ သေမှ အတိအကျသိရမှာ မဟုတ်ပါ။ နိဗ္ဗာန် မြင်အောင်သာလုပ်ပါ။ မသေခင် အတိအကျ သိရပါလိမ့်မယ်။ အထောက်အထားတခုကတော့ မိုးကုတ်ဆရာတော်ကြီးပါ။ သူသေမယ့်အချိန် (ခန္ဓာဝန်ချမဲ့အချိန်လို့ သုံးသင့်ပေမယ့် နားမလည်မှာဆိုးလို့ပါ) ကို အတိအကျသိပါတယ်။ သူသေပြီးရင် နောင်ရေးအတွက် စိတ်ချရပြီဆိုတာလဲ သူသိပါတယ် (ငါသေရင် သပိတ်မသွတ်ကြနဲ့)။
(၁၅) မျက်စိရှိလျက် မမြင် နားရှိလျက်မကြားသောသူ
သတ္တဝါတွေဟာ အကန်းနဲ့ တူပါတယ် (အဝိဇ္ဇာကို နားမလည်မှာ ဆိုးလို့ပါ ဒီလိုရေးလိုက်တာပါ)။ သတ္တဝါတွေဟာ ခန္ဓာရဲ့ ဒုက္ခကို မမြင်ကြတဲ့ အကန်းတွေပါပဲ။ ဒါကြောင့်လဲ ကောင်းကင်ဘုံရောက်အောင် ဆုတွေတောင်းကြ ငိုကြရီကြနဲ့ အင်မတန်မှ ဒုက္ခများပါတယ်။
(၁၆) “သီလအမျိုးအစား ဘယ်နှစ်ချက်ရှိပါသလဲ၊ ထိုပညတ် ၊ သီလ တို့ကို နေ့စဉ်သင်ဘယ်နှစ်ကြိမ်လွန်ကျူးနေပါသလဲ၊ ဘယ်နတ်သကြားမှ မေးနေစရာမလိုပါဘူး….. သင်မှမဟုတ် ဘယ်လူသားမှ ပညတ် သီလတို့ကို စံမှီအောင်ကျင့်နိုင်သောလူသား တစ်ဦးတစ်ယောက်မျှ မပေါ်မရှိ။” ဆိုတာမှန်မမှန်
ဗုဒ္ဓဘာသာဝင်တွေဟာ အခြေခံအားဖြင့် ၅ ပါး သီလကို စောင့်ကြရပါတယ်။ (၁) သူတပါး အသက် မသတ်ခြင်း (၂) သူတပါး ဥစ္စာ မခိုးခြင်း (၃) အရက်သေစာ မသောက်စားခြင်း (၄) သူတပါး သားမယား မပြစ်မှားခြင်း (၅) လိမ်မပြောခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီ ၅ပါး စောင့်ရင် ငရဲ ဘယ်တော့မှ မကျနိုင်ပါ။ ဒီ ၅ပါးလေးကို တောင် မှ နိုင်အောင် စောင့်နိုင်သူရှားပါတယ်။ ရှားပါတယ်ဆိုတာ မရှိဘူးလို့ မပြောပါဘူး။ ၅ပါးသီလတင်မက သီလပေါင်းများစွာ (ဝိနည်း ကို နားမလည်မှာဆိုလို့ ဒီလို သုံးပါတယ်) ကို စောင့်ထိန်းတဲ့ သံဃာတွေ မြောက်မြားစွာရှိပါတယ်။ ဒီ ၅ပါး သီလမစောင့်လို့ကတော့ ဘယ်ကယ်တင်ရှင်မှ ငရဲ (အပါယ်လေးပါး မသုံးပဲ ငရဲလို့ပဲ သုံးလိုက်ရတာက နားမလည်မှာ ဆိုးလို့ပါ) ကျမဲ့ ဘေးက မကယ်နိုင်ပါဘူး။ ကောင်းရာဘုံကို ထိုက်တန်စွာရောက်ချင်ရင်တော့ ကိုယ့်အားကိုယ်ကိုးပြီးတော့ ကောင်းတဲ့ အလုပ် ကောင်းမှုကုသိုလ်တွေကို လုပ်ဖို့ပဲ ရှိပါတယ်။
(၁၇) လောကတွင် သေခြင်းတရားကို အမှန် အောင်မြင်ခဲ့သောအရှင်ကို ရှာဖွေခဲ့ပြီး ထိုအရှင် နှင့် ထိုအရှင်၏ တရားလမ်းကိုသာ ကိုးကွယ်ယုံကြည်လက်ခံပါသည်။
ဒါဆိုရင်တော့ ဗုဒ္ဓဘာသာဝင်ဖြစ်သင့်ပါတယ်။ ဒီအယူကို တကယ်လက်ခံရင်တော့ ဗုဒ္ဓကိုကိုးကွယ်သင့်ပါတယ်။ ဗုဒ္ဓဟာ သေခြင်းတရားကို အောင်မြင်ခဲ့တဲ့နေရာမှ ဒီသာသနာမှာ ပထမဆုံးဖြစ်ပါတယ်။ သူ့လို အောင်မြင်ချင်ရင် ဒီလမ်းကို ဒီလိုသွားပါလို့လဲ နည်းပေးလမ်းညွှန်ခဲ့ပါတယ်။ ထိုအရှင်ရဲ့ တရားလမ်းကိုသာ ယုံကြည်သင့်တယ်လို့ ထင်ရင် ကိုးကွယ်ယုံကြည်လက်ခံလိုက်ပါ။
(၁၈) လူတိုင်း လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိသည်မဟုတ်ပါလား။
လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ အကောင်းဆုံးလမ်းကိုသာ ရွေးချယ်ပါ။ ကောင်းကင်ဘုံထက် ကောင်းတဲ့ နိဗ္ဗာန်ကို ညွှန်ပြခဲ့တဲ့ ဗုဒ္ဓကို ဆရာတင်သင့်တယ်လို့ ကျွန်တော်ကတော့ လွတ်လပ်စွာ ရွေးချယ်ခဲ့တယ်။
(၁၉) “သူတစ်ပါးကို ဘာသာသွင်းသောသူသည် အမင်္ဂလာရှိ၏” ဆိုသော အယူ
ဗုဒ္ဓဘာသာမှ ၃၈ဖြာမင်္ဂလာဆိုတာရှိပါတယ်။ အဲ့ဒီ့မှာတော့ ဒီအယူမပါပါဘူး။ ဒီတော့ မင်္ဂလာ ထဲမှာတော့ မပါဘူးလို့ ယူဆနိုင်ပါတယ်။ အမင်္ဂလာ ဟုတ်မဟုတ်ကတော့ ၃၈ဖြာ အမင်္ဂလာလို့ ဘုရား မဟောခဲ့လို့ မည်သို့မျှ မပြောလိုပါ။
(၂၀) ဘာသာတရားထက် အသက်ရှင်သောဘုရားအကြောင်းလိုက်ပြောတယ်ဆိုရင်ကော…… ဘယ်လိုမြင်ပါသလဲ…..
အသက်ရှင်သော ဘုရာအကြောင်း မပြောပဲနဲ့… မသေရာ လမ်းကို ညွှန်ပြခဲ့တဲ့ ဘုရား အကြောင်းပြောရင် ဘယ်လိုမြင်ပါသလဲ။
(၂၁) “လူကို ရှာဖွေစိစစ်ကြည့်ပါက …………… အပြစ်ကိုတွေ့ရလိမ့်မည်။ တရားကို ရှာဖွေစိစစ်ကြည့်ပါက………… အကျင့်ကိုတွေ့ရလိမ့်မည်။ ဘုရားကို ရှာဖွေစိစစ်ကြည့်ပါက………… အချစ်ကို တွေ့ရပါလိမ့်မည်။” ဆိုသော အယူ
လူ (ပုထုဇဉ်ကို ဆိုလိုသည်) ကို စိစစ်လျှင် အပြစ်ရှိတာက များပါတယ်။ ဗုဒ္ဓတရားတော်မှာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းတွေ ရှိပါတယ်။ ဗုဒ္ဓဟာ အချစ် (မေတ္တာ) ကို အားပေးပါတယ်။
(၂၂) ကောင်းမှုတစ်ခု နေ့စဉ်ပြုဟု ဆိုရိုးစကားရှိပေမည့် မပြုနိုင်သည့်အပြင် အပြစ်များတို့ကိုတော့ နေ့စဉ် မှန်မှန် လူတို့ပြုတတ်ကြပေသည်။ ဒီလိုသာဆိုလျှင် လူတို့မွေးဖွားချိန်မှစလို့ ယနေ့ထိ ပြုခဲ့သောအပြစ် များက ကောင်းရာသို့ရောက်ဖို့ ဖြစ်နိုင်ပါမည်လား။
ကောင်းရာရောက်ဖို့ထက် မကောင်းရာ ငရဲ ရောက်ဖို့ကသာ ပိုများပါတယ်။ ဒါကြောင့် ဒီခန္ဓာကိုယ်ဘေးက ဝေးတဲ့ နိဗ္ဗာန်ကို ရောက်ကြောင်း အကျင့်ကို ကျင့်ဖို့လိုအပ်ပါတယ်။ မမြင်ရတဲ့ ကယ်တင်ရှင်ကို မျှော်မဲ့အစား အမှန်တကယ်ရှိတဲ့ နိဗ္ဗာန် (နိယောဓသစ္စာ) ကိုသာ တွေ့အောင်လုပ်သွားကြသင့်လှပါတယ်။
(၂၃) ဒါတွေင့ါလိုကျင့်ပြီး င့ါစီကိုလာခဲ့ကြဟုဆိုသောအရှင်သည် တပြည့်များ မဖြေနိုင်သော မေးခွန်းကို ထုတ်သော ဆရာနှင့် မတူပေးဘူးလား
မတူပါဘူး။ ငါတောင်ဒီလိုကျင့်ပြီး ဒီလို ချမ်းသာစစ် နိဗ္ဗာန်ကို ရောက်ခဲ့တယ် တွေ့လား… မင်းတို့လဲ ငါ့လိုပဲ လိုက်လုပ်ကြ… ကိုယ့်အားကိုယ်ကိုးကြ… ကယ်တင်ရှင် မမျှော်ကြနဲ့ လို့ ပြောတဲ့ ဆရာနဲ့ ပိုတူပါတယ်။
————————————-
စာကြွင်း… ပလန်းနက်ဝက်ဆိုဒ်ကို ဒီပို့စ်ရေးပြီးနောက် လိုက်ဖတ်ကြည့်တော့ တော်တော်ကောင်းတဲ့ အဖြေတချို့ တွေ့ရပါတယ်။ ကျွန်တော် အထက်မှာ ဖြေထားတာထက်ပိုကောင်းပါတယ်။ ဒီအကြောင်းနဲ့ ပက်သက်ပြီးတော့ ပလန်းနက်က ကိုတစ်တီတူးက ကျွန်တော့ဆီကို စာရေးလာပါတယ်။
ကိုတစ်တီတူးရေးလာတဲ့စာကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
***********************************
သယ်ရင်းရေ… ဗုဒ္ဓဘာသာဝင်တွေဘက်ကမဖြေဘူးလို့ သယ်ရင်းက ထင်နေတဲ့ပုံပဲ..
ဖြစ်နိုင်ပါတယ်..
သယ်ရင်းအကောင့်ကလည်း အသစ်စက်စက်ကိုး…
ကိုထူးကို အဖြေတွေအများကြီးဖြေပေးထားပီးသားဆိုတာကို တော့ပစ်အဟောင်းတွေမှာ လိုက်ရှာဖတ်ရင် သယ်ရင်းတွေ့နိုင်မှာပါ…
ဘလော့မှာရေးထားတဲ့အကြောင်းအရာလေး နည်းနည်းလွဲနေလို့ပါ…
ပလန်းနက်မိသားစုကို အပြင်လူတွေ အထင်မလွဲစေချင်ပါဘူး….
// forum post မတက်သေးပါ၍ အချိန်မှီ ပြင်ဆင်ပေးနိုင်ရင် pm ထပ်ပို့ပေးတာပါ..
*****************************
ဟုတ်တယ် ကိုတစ်တီတူးရေ… ကျွန်တော် ပလန်းနက်ရဲ့ ဒီ့တော့ပစ်လေးတစ်ခုကို ပဲ ဖတ်မိပြီး ဒီပို့စ်ကို ရေးမိသွားတာပါခင်ဗျာ။ ပြန်ပြင်သင့်တာတွေကို ပြန်ပြင်ထားပါတယ် ခင်ဗျာ။ အမှန်ကတော့ ကျွန်တော့အမြင်အရဆိုရင် ကျမ်းဂန်နှံ့စပ်တဲ့ ပုဂ္ဂိုလ်တွေ ပြန်ဖြေပေးရင် အသင့်တော်ဆုံးပါ။ Burmese Classic ရဲ့ ဒီစာမျက်နှာမှာ ကျမ်းဂန်တတ်ဆရာတော်တွေ ပြန်ဖြေထားတာတွေတော်တော် ကောင်းပါတယ်။
အကြောင်းအရာ: အထွေထွေ မှတ်ချက်ရေးရန် »